ဖြူးမြို့နယ် သပြေလဟာကျေးရွာအုပ်စု၊ မိဿလင်ကျေးရွာအုပ်စုနှင့် မြပဲခူးကျေးရွာအုပ်စုများရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများအား  ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သွားရောက် ထောက်ပံ့ကူညီ

ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်  ၇.၈.၂၀၁၈ရက်နေ့တွင်
ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှ
 စေတနာရှင်များ စုပေါင်း လှူဒါန်းမှုဖြင့်  သပြေလဟာကျေးရွာအုပ်စု၊ မိဿလင်ကျေးရွာအုပ်စုနှင့် မြပဲခူးကျေးရွာအုပ်စုများရှိ ကျေးရွာများသို့ သွားရောက်၍  ရေကြီးနစ်မြုပ်၍ အခက်ခဲဖြစ်နေသော အိမ်ထောင်စုများအား  ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဖြူးမြို့နယ် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်း၊ ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြူးမြို့နယ် ရပ်ကျေးအလုပ်အမှုဆောင်များနှင့် ဥက္ကဋ္ဌများ၊ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ အဖွဲ့ချုပ် ပါတီဝင်များမှ ပါဝင်ကူညီ ပံ့ပိုးပေးခဲ့ကြပါသည်။

ဖြူးမြို့နယ်အတွင်း လွန်ခဲ့သော ရက်သတ္တပတ်ခန့်တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်တလျှောက်ရှိ ကျေးရွာများနှင့် လယ်ယာမြေများ  ရေနစ်မြုပ်ခဲ့ပြီး သပြေလဟာကျေးရွာအုပ်စုရှိ သပြေလဟာကျေးရွာ၊ ငါးဘတ်အိုင်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ မိဿလင်ကျေးရွာအုပ်စုရှိ မြောင်းဝလေးကျေးရွာ၊ မြပဲခူးကျေးရွာအုပ်စုရှိ ရေလဲကျေးရွာ၊ကျေးပင်ပေါက်ကျေးရွာများမှ  အိမ်ထောင်စုပေါင်း ၂၁၀စုအား ဆန် ၂၃အိတ်၊ ဆီသန့် (၁လီတာဗူး) ၄၁၀ဗူး၊ ခေါက်ဆွဲခြောက် ၆၀၀ထုပ်၊ ခြင်ဆေးခွေ ၆၀၀ဗူး၊ ဆပ်ပြာ ၂၅၀ခု၊ လက်ဖက်ခြောက် ၂၅၀ထုပ်နှင့် မိဿလင်ကျေးရွာအုပ်စုနှင့် မြပဲခူးကျေးရွာအုပ်စုအား ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ပျက်စီးသွားသော တံတားအား ယာယီပြုပြင်ရန်အတွက် ငွေကျပ် ၁၀၀၀၀၀ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၅၄၀၀၀၀ခန့်အား ထောက်ပံ့ကူညီခဲ့ကြပါသည်။